ကာမိုင်း ဖေဖော်ဝါရီလ ၁၂
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်၍ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်ရွှေဇင်ဦးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် သိကောင်းစရာအကြောင်းများကို ဆက်လက် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ တို့မမေ့ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး ယှဥ်ပြိုင်ခဲ့ကြပြီး ကဗျာရွတ်ပြိုင်ပွဲကို အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့ ယှဥ်ပြိုင်ခဲ့ကြရာ ဆုရာရှိသူများကို မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲ ဆက်လက်ပြသရာတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသ၍ ကလေးငယ်များနှင့် လူငယ်လူရွယ်များက စိတ်၀င်တစားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)