မန့်ဟီးရိုး နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နယ်စပ်ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ယူနန်တယ်ဟုန်ပြည်နယ်)၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှု စမ်းသပ်ဒေသ၊ တယ်ဟုန်ဒေသအုပ်ချုပ်ရေးကော်မတီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လန်ထင်းလူမှု ကယ်ဆယ်ရေး အသင်းတို့မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (နှစ်ပြည် တစ်ရွာဂိတ်)တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က လာရောက် ပေးအပ်လှူဒါန်း ခဲ့သည်။
“မြန်မာ(မူဆယ်)-တရုတ်(ရွှေလီ)နယ်စပ်ဒေသနေပြည်သူများ၏ ရောဂါဘေးအန္တရာယ်လုံခြုံရေးနှင့် မြန်မာ-တရုတ်နှစ် နိုင်ငံချစ်ကြည်မှုကို ပိုမိုတိုးတက်ခိုင်မြဲလာစေရန်အတွက် ယခုလို ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လာရောက် ပေးအပ် လှူဒါန်းရခြင်းဖြစ်ကြောင်း” တယ်ဟုန်ဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဘက်က နှာခေါင်းစည်း(၇)သောင်း၊ ပိုးသတ်ဆေးရည်(၈၀)ဖာ၊ ပိုးသတ်စက်(၁၈)ခု၊ ပိုးသတ် ဆေးမှုန့်(၂၀)ဖာ၊ ကာကွယ်ရေးဝတ်စုံ(၃၅၀)စုံ၊ ဆေးရုံသုံးလက်အိတ်(၄)ဖာနှင့် ပိုးသတ်တာဝါ(၄)ဖာတို့ကို ပေးအပ် လှူ ဒါန်း ခဲ့ရာ မန့်ဟီးရိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းမြတ်အောင်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးရှင်ဖူတို့ကလက်ခံရယူကြပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(မူဆယ်ရုံးခွဲ)ဥက္ကဋ္ဌ ဦးရှင်ဖူးက မန့်ဟီးရိုးမြို့အပါအဝင် ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုတို့ရှိ ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများကို တစ်ဆင့်ပြန်လည် လှူဒါန်းပေးအပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးက လက်ခံခဲ့ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)