စစ်တွေ ဖေဖော်ဝါရီ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက်အား ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို အကြီးစားပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လောကာနန္ဒာစေတီတော်နှင့် ရှေးဟောင်းသမိုင်းဝင် စင်္ကြာမုနိဘုရားအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ ယာယီတိုက်ပွဲရှောင် နိုင်ငံ့ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဦးရဲကျော်သူကျောင်းတိုက် ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုအခြေအနေများ၊ သကျမုနိသိမ်တော်ကြီး ပြုပြင်နေမှုအခြေအနေများနှင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုအခြေအနေများကို လျောက်ထားကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ဦးရဲကျော်သူ ကျောင်းတိုက်နှင့် သကျမုနိသိမ်တော်ကြီးပြုပြင်နေမှုကို သွားရောက်ကြည့်ရှုကြရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ခံက ကျောင်းတိုက်နှင့် သိမ်တော်ကြီးအား အကြီးစားပြုပြင်နေမှု၊ အဆင့်အဆင့် ပြုပြင်ပြီးစီးနေမှုနှင့် ဆက်လက်ပြုပြင်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက လိုအပ်သည်များကို မှာကြားခဲ့သည်။
ယင်းနောက် သကျမုနိသိမ်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ သိမ်တော်ကြီးပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများ ရောက်ရှိနေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင်စင်္ကြာမုနိ ဘုရားအားဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး ဘုရားသိမ်တော် ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဦးစီးဦးဆောင်လုပ်နိုင်ရန် တိုင်းရင်းသားရေးရာဝန်ကြီးများ တာဝန်ပေးအပ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံတို့ စုပေါင်းနေထိုင်လျက်ရှိကြောင်း၊ ထိုတိုင်းရင်းသားများ၏ အရေးအရာများကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားများအားလုံးသည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံးနေထိုင်သွားရန်လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအခြေအနေများတွင် ဝန်ထမ်းများ၏ အခြေအနေများကို နားလည်သဘောပေါက်ပါကြောင်း၊ ဝန်ထမ်းများ၏ စားရေရိက္ခာအဆင်ပြေစေရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးနေသည်ကိုလည်း ကြားသိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ကုန်စည်စီးဆင်းမှုမြန်ဆန်နိုင်ရန်အတွက် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအတိုင်း နေထိုင်သွားကြစေလိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်ဖြင့် ထမ်းဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ကိစ္စများ၊ လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက မိမိတို့ရုံးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက နိဂုံးချုပ်အမှာစကားပြောကြားသည်။
နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိသော မြို့နယ်များမှ စစ်တွေမြို့တွင် ယာယီခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ဝန်ထမ်းများနှင့် တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့တာဝန်ကျရာဒေသများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေရမည့်သူများဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်တွေမြို့ကို ခိုလှုံနေထိုင်ကြရသည်ဟု သိရှိရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ရခိုင်ပြည်နယ်သည် ယခင်အခြေအနေများတွင် အလွန်အေးချမ်းသာယာသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ မိမိအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ မိမိအနေဖြင့် တာဝန်ပေးအပ်ခြင်းခံရပြီးနောက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးသို့ကွင်းဆင်းပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တောင်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးအောင်မြင်နေမှုကို တွေ့ခဲ့ရကြောင်း၊ ထိုသို့အောင်မြင်ဖြစ်ထွန်းနေမှုများကို တွေ့ရခြင်းမှာလည်း ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော်လည်း ယခုအချိန်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် မိမိတို့ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများမှာ နောက်ဆုတ်ကျန်ခဲ့ရပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်နေသည့် နေရာများတွင် ရှိနေကြသည့်ပြည်သူများ၏ သဘောထားအမှန်၊ ခံစားချက်များ၊ လက်ရှိအခြေအနေအမြင်များကို သိရှိလိုကြောင်း၊ ထိုသို့သိရှိရသောအခြေအနေများကို သုံးသပ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများသည် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုဒေသကိုစွန့်ခွာပြီး ပြည်နယ်၏ မြို့တော်မှာတိမ်းရှောင်နေခဲ့ကြရကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် ဆရာတော်ကြီးများ၊ တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံလျက်ရှိကြောင်း၊ ယခုခရီးစဉ်တွင်တင်ပြကြသည့် ဌာနဆိုင်ရာများ၏အခက်အခဲများ၊ ဒေသပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတော်အကြီးအကဲထံသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တာဝန်ကျရာဒေသ၊ နေရာများတွင် ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ရောက်ရှိသည့်နေရာတွင် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြပါ၊ ပဋိပက္ခတစ်ခုသည် မပြီးဆုံနိုင်သောအကြောင်းအရာမရှိကြောင်း၊ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျှင် ကောင်းမွန်သော အဖြေတစ်ခုကိုရရှိနိုင်ကာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိစစ်တွေမြို့တွင် ဖြစ်ပေါ်နေသောအခြေအနေ၊ ဝန်ထမ်းများကြုံတွေ့နေရသည့် အခက်အခဲများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများကို မိမိတို့အနေဖြင့် သိရှိသင့်သလောက်သိရှိပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြဿနာ၏အခြေအနေများကို ဖြေရှင်းနိုင်သည်အခြေအနေတစ်ခုကို ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ပြောကြားထားသည့်အတွက် မိမိတို့အနေဖြင့် အဖြေတစ်ခုကိုရရှိအောင် နည်းလမ်းရှာဖွေရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ မိမိတို့လုပ်ငန်းတာဝန်များ၊ ပြည်နယ်အစိုးရအဖွဲ့ကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြပါဟု ပြောကြားသည်။
ထို့နောက် စစ်တွေမြို့တွင် ယာယီခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်ဝန်ထမ်းများက မိမိတို့တာဝန်ထမ်းဆောင်သည့် မြို့နယ်များတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်းကြောင့် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် လုံခြုံစိတ်ချရသောနေရာများတွင် ဘေးကင်းလုံခြုံစွာနေထိုင်ကြပါ၊ ရောက်ရှိနေသောနေရာများမှ မိမိတို့ဝန်ထမ်းများကို ဆက်သွယ်ကြပါ၊ ယခုအချိန်တွင် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစိတ်ဖြင့်ကြံ့ကြံ့ခံပြီး ဆောင်ရွက်ပေးကြပါ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အတတ်နိုင်ဆုံး ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက နိဂုံးချုပ် အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး တက္ကသိုလ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော တက္ကသိုလ်ပင်မဆောင်နှင့် ဘွဲ့နှင်းသဘင်ဆောင် ပြုပြင်ပြီးစီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ တွဲ့ဘက်ပါမောက္ခများ၊ ကထိကများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများက တက္ကသိုလ်အတွင်း နေ့သင်တန်းကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှုအခြေအနေများနှင့် အဝေးသင်ကျောင်းသား၊ ကျောင်းသူများတက်ရောက်နေမှု အခြေအနေများ၊ ကျောင်းနှင့်ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)