ကျေးသီး ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျေးသီးမြို့နယ်အာကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တတိယနေရာလုပွဲအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့် ပညာရေးဌာန အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဌာန အမျိုးသမီးအသင်းက(၂)ဂိုး (၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဗိုလ်လုပွဲအဖြစ် ခလရ(၁၃၁) အမျိုးသမီးဘောလုံးအသင်းနှင့် ဌာနပေါင်းစုံ အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဌာနပေါင်းစုံ အမျိုးသမီးဘောလုံးအသင်းက (၁)ဂိုး (၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာနေရာအလိုက် အကောင်းဆုံးဆုများနှင့် ဂိုးသွင်းအများဆုံးဆုကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ လည်းကောင်း၊ တတိယဆုကို မြို့မစခန်းမှူး ဒုရဲမှူးသန်းထွန်းမှလည်းကောင်း၊ ဒုတိယဆုကို မြို့နယ်ရဲမှူး ရဲမှူးလူလှမှလည်းကောင်း၊ ပထမဆုကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးမှ လည်းကောင်း၊ ဒိုင်းဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက် မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘောလုံးအားကစားသမားများနှင့် နည်းပြများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)