(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်အနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားများ ကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်(၅:၃၀)နာရီအချိန်တွင်လည်းကောင်း၊  သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို၊ နံနက်(၇:၃၀)နာရီတွင်လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အလေးပြုကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နံနက်(၅:၃၀)နာရီအချိန်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ပြုလုပ်ရာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲ(၄၂)ဦး တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ အလံတင်အလေးပြုခြင်းကို ဆောင်ရွက်ကြသည်။ ယင်းနောက် နံနက်(၇:၃၀)နာရီတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ နိုင်ငံတော်အလံကို အလေးပြုကြပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဖတ်ကြားသည်။ ယင်းနောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြုလုပ်သည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူလေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၂၇၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)