(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ  အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီ အချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ဗိုလ်လုပွဲကို ကောင်းလိုက် (၁) အသင်းနှင့် Crown အသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ရာ ကောင်းလိုက် (၁)အသင်းမှ (၈)ဂိုး၊ Crown အသင်းမှ (၁)ဂိုး ရရှိသောကြောင့် ကောင်းလိုက်(၁) အသင်းမှ ပထမဆု ဆွတ်ခူးရရှိခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်မှ စည်းလုံးညီညွတ်ပျော်ရွှင်စွာ အနိုင်အရှုံးပဓာနမထားဘဲ အားကစား စိတ်ဓာတ်ဖြင့် ကစားခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဘောလုံးပြိုင်ပွဲအဖွဲ့ချုပ်မှ အားကစားသမား လူငယ်လူရွယ်များ ပေါ်ထွန်းလာ စေရေးအတွက် ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အုပ်စုပွဲစဥ် ယှဥ်ပြိုင်ခဲ့သော တတိယဆုရရှိခဲ့သည့် ကောင်းလိုက်(၂) အသင်းအား  တစ်ဦး ချင်း လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆု(၁)သိန်းကို မြို့နယ်အခွန်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စောထွန်းမှ လည်းကောင်း၊ ဒုတိယဆုရရှိသော Crown အသင်းအား တစ်ဦးချင်းလည်ဆွဲဆု တံဆိပ်နှင့် ငွေသားဆု(၁)သိန်းခွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးမှ လည်ကောင်း၊ ပထမဆုရရှိသော ကောင်းလိုက် (၁)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆု(၂)သိန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဘိုဘိုအောင်မှလည်းကောင်း၊ ဆုဖလားချီးမြှင့်ခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအေးခိုင်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးပြိုင်ပွဲ အဖွဲ့ချုပ်နှင့် နည်းပြဆရာများ၊ မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)