ရန်ကုန် ဖေဖော်ဝါရီ ၁၂
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယမန်နေ့ ဒုတိယနေ့တွင်လည်း လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်းကားလျက်ရှိသည်။
ဈေးရောင်းပွဲတော်ကျင်းပခြင်းဖြင့် ပြည်သူများ အသိပညာတိုးပွားကာ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေးလာနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် အနာဂတ်အတွက် ရည်ရွယ်ထားသောလုပ်ငန်းများအတွက် အကြံဉာဏ်၊ အတွေးအခေါ်ကောင်းများရရှိစေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးအတွင်း၌ ယခုကဲ့သို့ ဈေးရောင်းပွဲတော်များ၊ စက်မှုထုတ်ကုန်များ၊ MSME ပြခန်းများကို ခင်းကျင်းပြသခြင်းဖြစ်သည်။
အဆိုပါ စက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ စက်မှုထုတ်ကုန်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ပြခန်းများနှင့် ဆိုင်ခန်းပေါင်း ၄၀၀ ခန့် ပြသရောင်းချမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်း နေ့စဉ်စတုဒိသာကျွေးမွေးခြင်းများ၊ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် နာမည်ကျော် ရုပ်ရှင်၊ သဘင်နှင့် ဂီတအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲတွင် အပန်းဖြေလာရောက်ကြသူများ ပွဲတော်ရက်တွင် လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား အလှမီးမျိုးစုံများဖြင့် ပုံစံမျိုးစုံ အလှဆင်ထားရှိပြီး ပြည်သူများက မိသားစုအလိုက် လူငယ်များက အဖွဲ့လိုက်နှင့် တစ်ဦးချင်းအလှဓါတ်ပုံများ ရိုက်ကူး၍ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ထိုပြင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် အကြို/အပို့ ကားများစီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)