နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်အားပေး

နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ် ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစား ဝါသနာရှင်များ၊ အားကစားသမားများတက်ရောက်ကြသည်။

နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် ပျဉ်းမနားမြို့နယ်အသင်းနှင့် တပ်ကုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်းအကောင်းဆုံးအားကစား သမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို တက်ရောက်လာကြသည့် ဌာန ဆိုင်ရာ အကြီးအကဲများက ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက အသီးသီး လက်ခံရယူကြသည်။

ထို့နောက် တတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ် အသင်းတို့အား နေပြည်တော်ကောင်စီအဖွဲ့ဝင်များက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ အသီးသီးပေးအပ် ချီးမြှင့် ကြသည်။

ဆက်လက်ပြီး ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ပြီး နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား တံခွန်စိုက်ဆု ဖလားနှင့် ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ မြို့နယ်ရှစ် မြို့နယ်မှ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးအသင်း ရှစ်သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)