နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒသမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲတွင် အောင်မြင်သော စာအောင်သာမဏေများနှင့် သီလရှင်များအား စာအောင်ဆုနှင်းသဘင် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို

နေပြည်တော်  ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ပရိယတ္တိသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသော ဒသမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲတွင် အောင်မြင်သော စာအောင်သာမဏေများနှင့် သီလရှင်များအား စာအောင်ဆုနှင်းသဘင် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်အောင်မြင်ဘုရားရှိ ရန်အောင်မြင် သာသနာလင်္ကာရဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ လယ်ဝေးမြို၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဇနိန္ဒ မထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇနိန္ဒမထေရ်မြတ်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီးတို့က လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇနိန္ဒမထေရ်မြတ်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် အလှူရှင်များက ဒသမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲတွင် အောင်မြင်သော စာအောင်သာမဏေများနှင့် သီလရှင်များအတွက် နဝကမ္မအလှူငွေများကို လယ်ဝေးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကတိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရ မထေရ်မြတ်ကြီးထံ ဆက်ကပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက စာအောင်သာမဏေများနှင့် သီလရှင်များအား စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် လယ်ဝေးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကတိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရ မထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက သာဓုအနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို လောင်းလှူခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် ဒသမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော်စာမေးပွဲကို  မြန်မာနိုင်ငံအနှံ့ပြားမှ စာဖြေသာမဏေနှင့် သီလရှင်စုစုပေါင်း ၁၄၇၂ ပါးတို့က ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာဖြေဆိုခဲ့ကြပြီး စာအောင်သာမဏေ ၃၆၅ ပါး၊ သီလရှင် ၈၅ ပါးစုစုပေါင်း ၄၅၀ ပါးတို့အား စာအောင်လက်မှတ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)