ရန်ကုန် ဖေဖော်ဝါရီ ၁၂
(၇၇)နှစ်မြောက် ပြည်ထောင်နေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ ဆပ်ကော်မတီ နာယကဖလားလှယဥ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ကာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၏ ဇနီး ဒုတိယတိုင်းမှူး၏ ဇနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၄င်းတို့၏ ဇနီးများ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဥပဒေချုပ် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီ ဝင်များ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများ အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌ ဒါ်တင်တင်လှိုင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် လှယဥ်ကျေးမယ်များက လှပ ကျော့ရှင်းကိုယ်ခန္ဓာအချိုးအစားများကို နောက်ခံတေးဂီတနှင့်အတူ သတ်မှတ်ကိုယ်ဟန်လေးမျိုး ဖြင့် လှစ်ထုတ်ပြသကြသည်။
ထို့နောက် ပြိုင်ပွဲဝင်လှယဥ်ကျေးမယ် ၄၄ ဦးမှ ၁၀ ဦးကိုလည်းကောင်း၊ ကာယအလှမယ် ၄၄ ဦးမှ ၁၀ ဦးကို လည်းကောင်း ရွေးချယ်ခဲ့ကြသည်။ ယင်းနောက် လှယဥ်ကျေးမယ် ၁၀ ဦးနှင့် ကာယအလှမယ် ၁၀ ဦးထဲမှ ၅ ဦးစီကို ရွေးချယ်ခဲ့ပြီး ဗဟုသုတမေးခွန်းများကို ဖြေဆိုစေခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ လှယဥ်ကျေးမယ်ပြိုင်ပွဲ၌ ပထမရရှိသော လမ်းမတော်မြို့နယ်မှ ဟေမာန်စိုးဝင်း အားလည်းကောင်း၊ ဒုတိယရရှိသော ဒဂုံမြို့သစ် (အရှေပိုင်း)မြို့နယ်မှ ယဉ်မွန်မွန်အောင်အားလည်းကောင်း တတိယရရှိသော လှိုင်မြို့နယ်မှ အိမ့်မှူးသက် အားလည်းကောင်း၊ စတုတ္ထ၊ ပဉ္စမနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း ကာယအလှမယ်ပြိုင်ပွဲ၌ ပထမရရှိသော ပန်းဘဲတန်းမြို့နယ်မှ ယွန်းအိမွန်အားလည်းကောင်း ဒုတိယရရှိသော သာကေတမြို့နယ်မှ ပန်းမြတ်မွန်အားလည်းကောင်း တတိယရရှိသောအင်စိန်မြို့နယ်မှ မေဘုန်းသွင်ခန့်အားလည်းကောင်း စတုတ္ထ၊ ပဉ္စမနှင့် နှစ်သိမ့်ဆုရရှိသူများအား လည်းကောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး ဒုတိယတိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဆပ်ကော်မတီဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီကြသူများနှင့် ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ကြသည့် လှယဥ်ကျေးမယ်နှင့် ကာယအလှမယ်များအား တာဝန်ရှိသူများက ဂုဏ်ပြုကတ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ လှယဥ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲ၌ ပထမဆုကျပ်သိန်း ၃၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၊ တတိယဆုကျပ် ၁၅ သိန်း၊ စတုတ္ထဆုကျပ် ၁၀ သိန်း၊ ပဉ္စမဆုကျပ် ၈ သိန်းနှင့် နှစ်သိမ့်ဆု ကျပ် ၅ သိန်းစီချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)