မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြစေတီပရိယတ္တိစာသင်တိုက် "ဘောဇနသာလာကျောင်းဆောင်" ပန္နက်တော်တင်မင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြစေတီပရိယတ္တိစာသင်တိုက် "ဘောဇနသာလာကျောင်းဆောင်" ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြစေတီပရိယတ္တိစာသင်တိုက် ကျောင်းဆောင်သစ်မြေနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့ဖွင့်လှစ်ခဲ့ပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဝိမလဗုဒ္ဓိအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များက မြဆရာတော်ကြီးနှင့်တကွ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ ပန္နက်တိုင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူ​ခဲ့ကြပြီး ဘောဇနသာလာကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း မိသားစုမှ ပထမအကြိမ်အလှူငွေ ကျပ်သိန်းတစ်ထောင်အား ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ "ဘောဇနသာလာကျောင်းဆောင်" ဆောက်လုပ်မည့်မြေနေရာရှိ သတ်မှတ်နေရာများ၌ ဆရာတော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များမှ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ကျောင်းဆောင်သစ်ကို ပန္နက်ရိုက်၍ အမွေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကာ မြဆရာတော်ကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ "ဇယံတော ဗောဓိယာမူလေအောင်ဂါထာအား သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်အရှင်သူများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောဇနသာလာကျောင်းဆောင်ဆွမ်းချက်ဆောင်နှင့် ဆွမ်းစားဆောင်အား  အလျား ၅၅ ပေ၊ အနံ ၅၅ ပေ RC နှစ်ထပ်အဆောက်အဦးအဖြစ် အဂ္ဂမဟာသီရိသုဓမ္မမဏိ ဇောတဓရ ဦးလှထွန်း မိသားစုမှ ကျပ်သိန်း(၃၀၀၀)ကျော်ကုန်ကျခံ မတည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)