ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားပြည်သူများပြား

ညောင်ဦး ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ အပန်းဖြေသူများနှင့် ဆင်များကို လေ့လာလိုသူ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့နှင့် ငါးမိုင်ခန့်အကွာ ညောင်ဦး - ပခုက္ကူ - မြင်းခြံကားလမ်းမကြီးဘေး ဧရာဝတီမြစ်ကမ်းဘေး၌ ဖွင့်လှစ်ထားပြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်သော ဘုရားဖူးခရီးသွားပြည်သူများ ခရီးတစ်ထောက်အပန်းဖြေနားနေရာတစ်ခုလည်း ဖြစ်သည်။

အဆိုပါပလင်းကမ်းသာယာဆင်စခန်းဝင်းအတွင်းရှိ ကလေးကစားကွင်း၌ ကလေးစီးရဟတ်၊ ဆီးဆော၊ လျှောစီးရာနေရာနှင့် ဒန်းတို့ပါရှိပြီး ကလေးများငယ်စဉ်ကတည်းက သစ်ပင်၊ ပန်းပင်၊ သစ်တောတို့ကို မြတ်နိုးတတ်စေရန် ဥယျာဉ်ငယ် ပြုလုပ်ဖန်တီးပေးထားကြောင်း၊ ဆင်ပြတိုက်တွင်လည်း အာဖရိကဆင်နှင့် အာရှဆင်ခွဲခြားပြသထားပြီး အာရှဆင်များသည် အာဖရိကဆင်များထက် ခွန်အားကြီးမားပုံ၊ အာရှဆင်ခေါ် မြန်မာ့ဆင်များ မြန်မာ့သစ်လုပ်ငန်းတွင် အရေးပါပုံ၊  သစ်တောဝန်ထမ်းများနှင့်  မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ ဆင်များစောင့်ရှောက်ပုံ၊ ဆင်စွယ်အမျိုးမျိုးနှင့် ဆင်ဝန်ထမ်း အဆင့်ဆင့်နေအိမ်များနှင့် ဆင်စခန်းဝင်ဆင်များ နေထိုင်ပုံတို့ကို ပြသထားကြောင်း သိရသည်။ ထို့ပြင် ဆင်စခန်းသို့လာရောက်သော ခရီးသွားများ လေ့လာသိရှိလိုသည်များကို ဆင်စခန်းတာဝန်ရှိသူများက လိုက်လံရှင်းပြပေးကြောင်း သိရသည်။

ဒီပါလင်း