မိုင်းကိုင်မြို့နယ်၌ (၄၄)ကြိမ်မြောက်၊ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကျင်းပ

မိုင်းကိုင် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိစာပေကျမ်းဂန်တတ်မြောက်သည့် ရဟန်းသံဃာတော်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  (၄၄)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ မိုင်းကိုင်မြို့နယ်၏ စာဖြေဌာနဖြစ်သော မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

စာပြန်ပွဲတော်ကို  ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ  ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ မွန်းလွဲ(၁)နာရီမှ (၄)နာရီအထိ (၉)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မိုင်းကိုင်မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်း(၂၂)ကျောင်းမှ အခြေခံအဆင့်(၂၃)ပါး၊ မူလပထမအဆင့်(၁၉၄)ပါး၊ မူလဒုတိယအဆင့်(၁၃၅)ပါး၊ မူလတတိယအဆင့် (၁၀၀)ပါး ၊ စုစုပေါင်းရှင်သာမဏေပေါင်း (၄၅၂) ပါး တို့က ပါဠိ၊ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ရှမ်းစာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ နှုတ်ဖြေအာဂုံဆောင် စသည့်ဘာသာရပ် (၉)ခုတို့ကို  ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။

အဆိုပါ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို  မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ  ဆရာတော်ဘဒ္ဒန္တရေဝတနှင့် စာပြန်‌ပွဲတော်ကျင်းပရေးတာဝန်ရှိ ရဟန်းသံဃာတော်များ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာန၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မိဘပြည်သူများ၊ အလှူရှင်များက စာဖြေရှင်သာမဏေများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စများအားလုံးကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ချော(မိုင်းကိုင်)