မန္တလေးမြို့တွင် ပန်းချီကားပေါင်း (၁၀၀) ကျော်ပါဝင်သည့် ပန်းချီပြပွဲ (၃) ရက်ကြာကျင်းပမည်

မန္တလေး ဖေဖော်ဝါရီ ၁၁

မန္တလေးမြို့တွင် ပန်းချီလှသိန်း(တြိနဒီ)၊ ပန်းချီညို၊ ပန်းချီအေးကို(Art)၊ ပန်းချီစိုးမြင့်ဒွဏ်းတို့၏ ပန်းချီကား(၁၀၀)ကျော်ပါဝင်သည့် ပန်းချီပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် မန္တလေးတောင်ခြေ၊ Mandalay Hill Art Gallery ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပန်းချီဆရာကြီး ဦးခင်မောင်သန်းက မုဒိတာစကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပန်းချီဆရာများ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားသည်။

ထို့နောက် စတုမဓုရသ ပန်းချီပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပန်းချီဆရာဦးအေးကိုနှင့် ပန်းချီစိုးမြင့်ဒွဏ်းတို့က ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့ပန်းချီဆရာများအနေနှင့် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာသည့် ရေးဖော်ရေးဖက်များဖြစ်ကြောင်း၊ ငယ်သူငယ်ချင်းလေးဦး စုစည်း၍ မိမိတို့ဝါသနာပါရာရေးဆွဲထားသည့် ပန်းချီကားများကို အများပြည်သူစိတ်ချမ်းမြေ့စေရေးအတွက် စုစည်း၍ပြပွဲပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ပန်းချီဝါသနာရှင်များ၊ ချစ်မြတ်နိုးသူများကို လာရောက်လေ့လာပါရန် ဖိတ်ခေါ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

အဆိုပါပန်းချီပြပွဲကို ဖေဖော်ဝါရီလ (၁၀) ရက်မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ (၃)ရက်ကြာ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်