မုဒုံမြို့နယ်တွင် စိုက်ပျိုးရေကဏ္ဍအဆင်ပြေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် နွေစပါးများကို ပိုမိုတိုးချဲ့စိုက်ပျိုးလာ

မုဒုံ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်များဖြင့် နွေးစပါစိုက်ဧက (၆၃၈) ဧက စိုက်ပျိုးရန်လျာထားပြီး ယခုအခါ (၁၃၇၆) ဧက စိုက်ပျိုးပြီစီးပြီးဖြစ်၍ လျာထားဧကထက် (၇၃၈) ဧကကို တောင်သူများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။

မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကွက် ဧက (၃၀၀) တောင်သူ ပညာပေးစိုက်ကွက်များ ဆောင်ရွက်ထားသလို ဗဟိုမျိုးသန့်ခြံမှ ထွက်ရှိလာသည့် မျိုးကောင်းမျိုးသန့်များကို ဧက (၁၀၀) တင်း (၁၂၀) ထွက်ရှိမည့် ပန်းတိုင်အထွက်နှုန်းရည်မှန်းပြီး စိုက်ပျိုးဆောင်ရွက်ရာတွင်လည်း မျိုးများအား စနစ်တကျ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပြီးမှ ခြောက်တန်းတစ်တန်း ချက်ချင်းနှုတ် ချက်ချင်းစိုက် စနစ်များဖြင့် တောင်သူများနှင့်ပူးပေါင်းဆောင်းရွက်ခဲ့ကြောင်း၊ အဆင့်မြင့်နည်း ပညာသုံး စံပြစိုက်ခင်းတွင်လည်း မျိုးသန့်စပါးများကိုသာ ဖြန့်ဖြူးပေးထားပြီး စိုက်ပျိုးခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် ဝန်ထမ်းများက စိုက်ခင်းများအရောက်ကွင်းဆင်းပြီး တောင်သူများနှင့်ပူးပေါင်း၍ စိုက်ခင်းများ အောင်မြင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးခြင်း၊ မျိုးသန့်စံပြကွင်းတွင်မျိုးကွဲပယ်ခြင်း၊ သွင်းအားစုများကြဲပက်ခြင်း ပိုးမွှားရောဂါကင်းထောက်စနစ်  ကြိုတင်ကာကွယ်ရေး နည်းစနစ်နှင့်  တောင်သူပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဓာတ်မြေသြဇာများကို ပံ့ပိုးမှုလုပ်ငန်းများနှင့် လက်ရှိအချိန်တွင် စပါးစျေးများ  ကောင်းမွန်လာမှုတို့ကြောင့် နွေစပါးများကို ပိုမိုးစိုက်ပျိုးမှုများလာကြောင်း မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။

မုဒုံမြို့နယ်အနေဖြင့် ရေခံမြေခံ အခြေအနေကောင်းမွန်၍ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုအဆင်ပြေပြီး လယ်ယာကုန်ထုတ်လမ်း၊ တံတားများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုတို့ကြောင့် တောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)