ကျေးသီးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျေးသီး       ဖေဖော်ဝါရီ     ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကျေးသီးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းက ကျေးသီးမြို့နယ် အာကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာပြိုင်ပွဲဝင် အားကစားသမားများနှင့် ဘင်ခရာတပ်ဖွဲ့တို့က အသီးသီးနေရာ ယူကြပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား အလေးပြုကာ အားကစားသမားက အားကစားအဓိဌာန်ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာ တပ်ဖွဲ့မှ တီးမှုတ်ဖျော်ဖြေခဲ့ကြပြီးနောက် အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမျိုးသမီး ဘောလုံးအသင်း၊ ခလရ(၁၃၁)အမျိုးသမီးဘောလုံးအသင်း၊ ဌာနပေါင်းစုံအမျိုးသမီး ဘောလုံးအသင်းနှင့် ပညာရေးဌာနအမျိုးသမီးဘောလုံးအသင်း စုစုပေါင်း (၄)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)