ရပ်စောက်မြို့၌ ပညာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာအုပ်စု၊ ဟင်းခါးကုန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သည့် ပညာရေးဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ ပညာရေးဝန်ထမ်းအိမ်ရာသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းဖွင့်ပွဲအခမ်းအနားတွင် ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က ပညာရေးဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဦးစီးဌာနသို့ ပညာရေးဝန်ထမ်းအိမ်ရာအား လွှဲပြောင်းပေးအပ်ခြင်းနှင့် မြို့နယ်ပညာရေးဦးစီးဌာနမှ ဟင်းခါးကုန်းကျေးရွာ(VDP)ကော်မတီသို့ လုပ်ငန်းပြန်လည်လွှဲပြောင်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ဟင်းခါးကုန်းကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။

ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာပေါင်း(၁၀)ရွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဟင်းခါးကုန်းကျေးရွာအနေဖြင့် ဦးစားပေးလုပ်ငန်းဖြစ်သော ပညာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း(၅၀ပေ x ၂၀ ပေ x ၁၁ ပေ)အဆောက်အဦအား နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် (၁၅၀)သိန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် (၄၁)သိန်း၊ စုစုပေါင်း (၁၉၁)သိန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)