ရန်ကုန် ဖေဖော်ဝါရီ ၁၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ၆၀ မီတာ ဘက်စုံသုံးဗော်ယာ မ/ချ ရေယာဉ် (60M Multipurpose Buoy Handling Vessel) ("ဂန္ဓ"ရေယာဉ်) (၁) စီး၊ မြေတူးမြေခံရေယာဉ် (၂) စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံးရေယာဉ် (Habour Launch) (၃) စီး၊ စုစုပေါင်းရေယာဉ် (၈) စီးလုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ခံတံတား၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဌာန၊ အဖွဲ့အစည်းများမှ ဌာနအကြီးအမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြောကြားရာတွင် ယနေ့သည် မိမိတို့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆောင်ရွက်လျက်ရှိသော ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုဘေးကင်းလုံခြုံသည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် အားသစ်လောင်းသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံ၏အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခန်းကဏ္ဍနှင့် တိုက်ရိုက်ချိတ်ဆက်မှုရှိနေပြီး နိုင်ငံ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါကြောင်းကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုနည်းလမ်းများအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုး၏ ၇၀% နှင့် ကမ္ဘာ့ကုန်သွယ်မှု ပမာဏ၏ ၈၀% ရှိကြောင်းကို United Nation Conference on Trade and Development (UNCTAD)က နှစ်စဉ်ထုတ်ပြန်သည့် Review of Maritime Transport သိရှိရပါကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းလုပ်ငန်းများနှင့် ရေကြောင်းပြလုပ်ငန်းများတွင် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်စေရေးအတွက် ခေတ်မီရေယာဉ်အသစ် (၈) စီးကို စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၀.၆၇ သန်းအကုန်အကျခံကာ တည်ဆောက်၍ ရေယာဉ်အင်အား ဖြည့်တင်းဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် Stakeholderများ ဖြစ်ကြသော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများက မိမိတို့၏ဝန်ဆောင်မှုစနစ်နှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ်ချက်စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေအဆင်သင့်ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့်စက်ကိရိယာများကို တပ်ဆင်အသုံးချခြင်း၊ ဒေသတွင်းခေတ်မီဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation) နည်းလမ်းဖြင့် Electronic Port(e-Port) အဆင့်မှသည် Smart Port အဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့်အတူ အားလုံးဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြောကြားပါသည်။
ထို့နောက်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရေယာဉ် (၈) စီး၏ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ရေယာဉ် (၈) စီး တည်ဆောက်ခြင်းဆိုင်ရာ ဗီဒီယိုမှတ်တမ်းကိုပြသ၍ ပြည်ထောင်စုဝန်ကြီးထံ အခမ်းအနား အမှတ်တရလက်ဆောင်အဖြစ် "ဂန္ဓ"ရေယာဉ်၏ ပုံစံငယ်ကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင်စတင်ဝင်ရောက်မည့် ရေယာဉ်(၈)စီးတို့ကို "ဂန္ဓ"ရေယာဉ် Main Deck ပေါ်မှ တစ်ပြိုင်နက် ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ပြီး ရေယာဉ်များပေါ်သို့ လှည့်လည်ကြည့်ရှုကာ ဆိပ်ခံတံတားပေါ်ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)