ဗဟန်း ဖေဖော်ဝါရီ ၁၁
ကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အမှတ်ရပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကို သိရှိစေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဥ်ကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဥာဏ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre Bahan) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စိမ်းလဲ့လဲ့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ-မ-က (၁၂) ဗဟန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့မွှေးက ပြိုင်ပွဲများနှင့်ပတ်သက်၍ အကျိုးကျေးဇူးရရှိပုံများကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ မြဟိန်းခနှင့် မောင်နေခတို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ကျောင်းသားကျောင်းသူများ အမှတ်ရလေးစားတန်ဖိုးထားတတ်ကြစေရန်အတွက် အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ဥာဏ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ (၁၂) ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသူများအား ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို လေ့လာကြည်ရှုခဲ့ကြကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်