ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၁
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ နယ် ကြက်ပြစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (RC) တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့ မုခ်ဦးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်မုခ်ဦးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ ညောင်ဦးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားဒုတိယပိုင်းကို ယာယီမဏ္ဍပ်တွင် ဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံ)တို့က အဖွင့်အမှာစကားပြောကြားကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလတ်က ဖွင့်ပွဲအထိမ်းအမှတ်အလံများကို ပေးအပ်ရာ မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုပ်သည်။ ကြက်ပြစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ် ရန်အတွက် မြေပိုင်ရှင် ဦးဘကျော်+ဒေါ်သိန်းလှ မိသားစုက မြေဧက(၀.၅၀)ဧက လှူဒါန်းခဲ့ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် (၁၂၉.၈၇) သန်းဖြင့် (၁၂၀ ပေ × ၃၀ ပေ) (RC)တစ်ထပ် (၄) ခန်းတွဲ ကျောင်းဆောင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ရာ အဆိုပါကျောင်းရှိ ကျောင်းသား/ကျောင်းသူ(၁၅၃)ဦးတို့အတွက် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင် ကြမည်ဖြစ်ကြောင်းသိရသည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံ)နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၂၉၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)