ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲအား ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ စာရေးဆရာကိုရွှေအောင်သင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာ ကိုရွှေအောင်သင်းက ပြည်ထောင်စုနေ့နှင့်ပတ်သက်သော သမိုင်းကြောင်းများနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများအား ဟောပြောဆွေးနွေးသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲအပြီးတွင် ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြင်ဦးလွင်ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်းရှိ Mini Museum (ပြတိုက်ငယ်) တွင် ခင်းကျင်းပြသော ပြင်ဦးလွင်မြို့တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်တန်ဆာများ၊ ပြင်ဦးလွင်မြို့၏ အထင်ကရနေရာများ၊ ပြင်ဦးလွင်မြို့နှင့် သက်ဆိုင်သော သမိုင်းကြောင်းမှတ်တမ်းများနှင့် ကလေးစာဖတ်ခန်းတို့အား လိုက်လံရှင်းလင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြသည်။
ယနေ့ကျင်းပသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြင်ဦးလွင်ခရိုင်ပြည်သူ့စာကြည့်တိုက်လေ့လာရေးသို့ အမှတ် (၂) ၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးနှင့် အုပ်ချုပ်သူဆရာမများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား/သူများအတွက် အာဟာရအနေဖြင့် ကိတ်မုန့်များဝေငှပေးခဲ့ကြောင်း သိရသည် ။
ဖြူလူသစ် ခရိုင် ( ပြန်/ဆက် )