ရန်ကုန် ဖေဖော်ဝါရီ ၁၁
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ရန်ကုန်မြို့ကမ်းနားလမ်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောက်ဖြုအထူးစီးပွားရေးဇုန်ကို နိုင်ငံတော်အစိုးရအနေဖြင့် မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းသည် နိုင်ငံအတွက်အရေးပါသည့် စီးပွားဇုန်တစ်ခုဖြစ်ကြောင်း၊ ထို့အတူ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည်လည်း နိုင်ငံတော်အတွက် အရေးကြီးသည့် စီမံကိန်းဖြစ်ပြီး အဆိုပါစီမံကိန်းအတွင်း ရေနက်ဆိပ်ကမ်းနှင့်အတူ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ရေနံဓာတုစက်ရုံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်စီမံကိန်းနှစ်ခုလုံးတွင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည့် စက်မှုလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် အတွင်းရေးမှူး ဒေါက်တာကျော်ဆန်းဦးတို့က သက်ဆိုင်ရာဇုန်အတွင်း လက်ရှိဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကိုလည်းကောင်း ရှင်းလင်တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဇုန်အလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများအောင်မြင်စေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံကိန်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်သုံးသပ်ရန်နှင့် သုံးသပ်ချက်များအပေါ် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးမှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)