တပ်ကုန်း ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ အင်ဘက်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၃၀၅ ကွင်း၊ တောင်သူ ၇၀ ဦး ပိုင်ဆိုင်သော ဧရိယာ ၁၂၃ ဒသမ ၄၀ ဧကကို စနစ်ကျလယ်မြေဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းခွင်သို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဦးအောင်ခိုင်ဆွေတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါ စနစ်ကျလယ်မြေဖော်ထုတ်စီမံကိန်း ရှင်းလင်းဆောင်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများအတွက် ဆောင်ရွက်ပေးမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ စနစ်ကျ လယ်ယာမြေဖော်ထုတ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းအောင်က ကွင်းအမှတ် (၁၃၀၅)ကွင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအမျိုးအစားများ၊ ဆောင်ရွက်မည့်ဧက၊ ဆောင်ရွက်ပြီးစီးမှုဧက၊ ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိုင်ငံတော်မှ ယခုကဲ့သို့ စနစ်တကျ လယ်ယာမြေဖော်ထုတ်ပေးခြင်းမှာ ကျေးလက်နေတောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စနစ်တကျစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းများ တိုးတတ်လာခြင်း၊ သီးထပ်၊ သီးညှပ်များ စိုက်ပျိုးနိုင်ရေး၊ ရေရရှိရေးနှင့် ကုန်ထုတ်လမ်းများ စနစ်တကျရရှိမှာဖြစ်ကြောင်း၊ ထွက်ရှိလာသော ထုတ်ကုန်များကိုလည်း အခက်ခဲမရှိ စျေးကွက်သို့ အရောက်တင်ပို့နိုင်မှာဖြစ်ကြောင်း၊ စနစ်တကျလယ်ယာမြေများ ဖော်ထုတ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ပန်းတိုင်အထွက်နှုန်းများရရှိပြီး ဝင်ငွေများ တိုးတတ်လာမှာဖြစ်ကြောင်း၊ ဝင်ငွေတိုးတတ်လာခြင်းဖြင့် လူမှုစီးပွားဘဝမြင့်မားလာပြီး၊ နိုင်ငံ့စီးပွားတိုးတတ်မြင့်မားလာမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ကြိုးစားအားထုတ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများသည် စနစ်ကျ လယ်မြေဖော်ထုတ်စီမံကိန်းအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်