ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ ချမ်းမြသာစည်လေဆိပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်း ထားသည့် ၂၀၄ ခုတင်ဆံ့ မန္တလေးကူးမင်းဆေးရုံ(ကိုဗစ်ကုသရေးစင်တာ)ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစဉ် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အစဉ်အမြဲသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ ကိုဗစ်ကုသရေးစင်တာ ရေရှည်တည်တံ့ခိုင်မြဲရန် စနစ်တကျ ကြပ်မတ် ထိန်းသိမ်းစောင့်ရှောက်သွားရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ချုံနွယ်၊ ပေါင်းမြက်များ၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက် မြောင်းစာများ ဆယ်ယူရှင်းလင်းနေမှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် စက်ယန္တရားတို့ဖြင့် တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များ၌ သန့်ရှင်းသာယာလှပရေးတို့အတွက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်