ရန်ကုန် ဖေဖော်ဝါရီ ၁၁
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူရင်ပြင်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ၊UMFCCIနှင့်ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSMEလုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် အဓိကထုတ်ကုန်များအပါအဝင် အခြားသော ထုတ်ကုန်အမည်အမျိုးမျိုးကို ပါဝင်ပူးပေါင်း ခင်းကျင်းပြသခြင်းဖြင့် မိမိတို့ထုတ်ကုန်များအား အချင်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ အသိပညာတိုး၍ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေးလာနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် အနာဂတ်အတွက် ရည်ရွယ်ထားသော လုပ်ငန်းများတွင် အကြံဉာဏ်အတွေးအခေါ်ကောင်းများ ရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးအတွင်း၌ ယခုလိုဈေးရောင်းပွဲတော်များ၊ စက်မှုထုတ်ကုန်များ၊ MSME ပြခန်းများကို ခင်းကျင်းပြသခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် စက်မှုဇုန်ဥက္ကဋ္ဌ များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားတွင် ပါဝင်တင်ဆက်ပေးသော ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါစက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ပြခန်းများနှင့်ဆိုင်ခန်းပေါင်း (၄ဝဝ) ခန့် ပြသရောင်းချမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်းနေ့စဉ်စတုဒီ သာကျွေးမွေးခြင်း၊ ပြည်ထောင်စုနေ့တွင် ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားလျက်ရှိသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမှာဖြစ်ကာ ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆိုပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)