မချမ်းဘောမြို့နယ်တွင် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မချမ်းဘော ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာ ရရှိလာစေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ကောင်းမှုလုံကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပူတာအိုခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုး ကအဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ဒေသခံပြည်သူများသန့်ရှင်းသော သောက်သုံးရေများ လုံလောက်စွာရရှိရေးကို ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် ရရှိလာသော ရေအရင်းအမြစ်များကို လေလွင့်ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရန် ဝိုင်းဝန်းထိန်းသိမ်းကာကွယ် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မချမ်းဘောမြို့နယ်မြို့နယ်ဦးစီးမှူး ဦးစောသီဟက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်မိုးက စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာရေပေးဝေရေးကော်မတီထံ လွှဲပြောင်းပေးအပ်ရာ ကျေးရွာရပ်မိရပ်ဖတစ်ဦးက လက်ခံရယူပြီး ရေရရှိရေးဆောင်ရွက်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျေးရွာရေပေးဝေရေးကော်မတီဝင်များ ရပ်မိရပ်ဖများက အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

၄င်းနောက် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်သန်း ပေါင်း (၅၁.၇၇၀) ဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာများ၊ အလျား၁၅ပေ အနံ ၁၀ ပေနှင့် အမြင့် ၆ ပေရှိ ရေဂါလံ(၅၀၀၀) ဆံ့ဝင်သော ရေစုကန်နှင့် အလျား ၂၅ ပေအနံ ၃ ပေနှင့် အမြင့် ၅ ပေရှိ ရေတားတမံဆောင်ရွက်မည့်နေရာများကို လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)