မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက္ခမီမြို့၊ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း) ဖွင့်ပွဲအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

သံဖြူဇရပ် ဖေဖော်ဝါရီ ၁၀

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျိုက္ခမီမြို့ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ၉ရက်နေ့ နံနက်ပိုင်း က ကျိုက်က္ခမီမြို့ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ရဲ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ သံဖြူဇရပ်မြို့နယ်သည် အဓိကအထောက်အကူပြုသည့် မြို့နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့အထင်ကရနေရာ ကျိုက္ခမီရေလယ် ဘုရားသို့ဘုရားဖူးလာရောက်မှုကို အကြောင်းပြုပြီးမြို့နယ်အတွင်းမှာရှိတဲ့ စက်စဲကမ်းခြေ၊ ဓနသဟာယစစ် သင်္ချိုင်း၊ သေမင်းတမန် မီးရထားပြတိုက်စတဲ့နေရာတွေကို တစ်ဆက်တည်း သွားရောက်လည်ပတ်မှုများရှိ‌ကြောင်း၊ ဒေသစီးပွားရေးနဲ့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်စေတဲ့လမ်း၊ တံတား၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးစတဲ့ အခြေခံအဆောက်အဦများ တိုးတက်ကောင်းမွန်စေရန်အတွက် ဦးစားပေးလိုအပ်ချက်နှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှစ်အလိုက်အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ယူဆောင်ရွက်သည့် ဌာနများ၊ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအရည် အသွေးပြည့်မီစွာဖြင့် ပြီးမြောက်အောင်မြင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြဖို့လိုသလို ပြည်သူများအနေဖြင့်လည်း စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ပြီး လုပ်ငန်းများ ကြာရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ကျိုက္ခမီမြို့၊ ဆိပ်ကမ်းသာလမ်းသည် ယခင်ဘဏ္ဍာရေးနှစ်များက ဘဏ္ဍာငွေခွဲဝေမှုအရ မဆောင်ရွက်နိုင်ခဲ့ သော်လည်းယခုကာလမှာ ဒေသခံပြည်သူများအတွက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် အားလုံးဝမ်းမြောက်ဝမ်းသာ ရှိကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ကျိုက္ခမီမြို့၊ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း) လမ်းသစ်ခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသော ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် မွန်ရိုးရာအက အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ်သယံဇာတ ရေးရားကြီး ဒေါက်တာအောင်မြတ်ကျော်စိန်တို့က ကျိုက္ခမီမြို့၊ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း) လမ်းသစ်အားဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယနေ့ ဖွင့်လှစ်သောလမ်းသည် စုစုပေါင်းအရှည်ပေ (၂၅၅၀) ပေရှိကြောင်း ဓမ္မစေတီရပ်ကွက် စံပယ်လမ်းမှ မြတ်လေးလမ်းထိ လမ်းပိုင်းအရှည် (၆ဝဝ) ပေကို ပြည်သူများမှ ကွန်ကရစ်လမ်းအဖြစ် (၂၀၁၄-၂၀၁၅) ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကိုယ့်အားကိုယ့်ကိုး ဆောင် ရွက်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရေတိုက်စားပျက်စီးမှုကြောင့် ပြည်သူများသွားလာမှုခက်ခဲတဲ့ လမ်းပိုင်းအရှည် (၇၅၀)ပေကို မြေထိန်းကျောက်စီ နံရံတည်ဆောက်ပြီး မြေဖို့၍ မြေသားလမ်းပုံဖော်ခြင်းလုပ်ငန်းများကို ပြည်နယ်ရန်ပုံငွေ နှစ်ထောင့်သုံးရာခုနှစ်သိန်းဖြင့်လည်းကောင်း ဆောင်ရွက်ပြီးစီး ပြီး၊(၁၂) ပေအကျယ် ကွန်ကရစ် လမ်းခင်းခြင်းကို ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက္ခမီမြို့အောင်သုခရပ်ကွက်ရှိ ငါးခြောက်လှန်းစင်၌ အာဗြဲခြောက်၊ ပုဇွန်ခြောက်၊ ငါးမှုံငါးရွှေ၊ တိရစ္ဆာန်အစားအစာစသည့် ငါးမျိုးစုံနေလှန်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျိုက္ခမီမြို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ငါးဖမ်းလုပ်ငန်းကို အထောက်အကူ ဖြစ်စေရန်အတွက် ငါးလုပ်ငန်းရှင်များသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော ကျားစိပ်တာနှင့်ကပ်လျက် တာချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထာရှိပြီးဖြစ်ကြောင်း၊ ငါးမျိုးမပြုန်းတီးစေရန်နှင့် မိမိတို့ငါးဖမ်းလုပ်ငန်း ရေရှည်လုပ်ကိုင်နိုင်ရန် ငါးလုပ်ငန်းရှင်များအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ ဒီရေတောများပြုန်းတီး ပျက်စီးမှုမရှိစေရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းထိမ်းစောင့်ရှောက်ရန်လိုကြောင်း၊ MSMEလုပ်ငန်းများဖြစ်သည့် ငါးပိ၊ ငါးခြောက်လုပ်ငန်းများကို အဆင့်မြင့်စနစ်တကျထုတ်ပိုး၍ ပြည်တွင်းစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်စေလိုကြောင်းတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားကြီးသို့ရောက်ရှိပြီး ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီးအား ဖူးမြော်ကြည် ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ် ဝန်ကြီးတို့က အလှူငွေများအား ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 မြို့နယ် (ပြန်/ဆက်)