ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များကို ယနေ့ညနေ(၃)နာရီက အ.ထ.ကကျောင်းနှင့်အ.မ.က (ကဘရန်ခူးကျောင်း)၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ပြည်ထောင်စုနေ့ စိတ်ဓာတ်ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကာကွယ်ရေး၊ ကဗျာဆရာမြရည် နန္ဒာရေးသားထားသည့် “ပြည်ထောင်စုဖွား သွေးချင်းများ” ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ဗိုလ်ချုပ်အောင်ဆန်း(၂၃-၁-၁၉၄၆) ခုနှစ်တွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးသို့ တင်သွင်းသည့် ညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက်များနှင့် အသိပညာပေး ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
ထိုလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အ.ထ.ကကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မျိုးမြင့်နှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြည်ထောင်နေ့အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)