ဗန်းမော် ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဗန်းမော်တက္ကသိုလ်၏ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီခွဲအထိ ဗန်းမော်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ်အထိမ်းအမှတ်အနေနှင့် တက္ကသိုလ်များတွင် တိုင်းရင်းသားတို့ရဲ့ ချစ်စရာဓလေ့ရိုးရာကို လေးစားရာရောက်ကြောင်း၊ ပညာရှာနေတဲ့ ကျောင်းသားကျောင်းသူများ ပညာဖြန့်ဝေပေးနေတဲ့ ဆရာဆရာမများဟာလည်း တိုင်းရင်းသားပေါင်းစုံဖြစ်ကြောင်း၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များထဲမှ ပြည်ထောင်စုကြီးထာဝစဥ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဗန်းမော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က တိုင်းရင်းသား အချင်းချင်းစည်းလုံးညီညွတ်စွာ ချစ်ခင်ရင်းနှီးသောစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထက်သန်စေရန် ဗန်းမော်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကို တိုင်းရင်းသားရိုးရာဝတ်စား ဆင်ယင်မှုနှင့် ရိုးရာဓလေ့သရုပ်ဖော်ပြသသည့် ပြိုင်ပွဲကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီ၊ ဆောင်းပါး စာစီစာကုံး သင်္ချာစွမ်းရည် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်နိုင်ကြပါစေ လိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲစတင်ခဲ့ရာ ကျောင်းသား ကျောင်းသူလေးများက ဂျိမ်းဖော၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ လီဆူ၊ မောရှမ်း၊ ရဝမ် ရိုးရာဝတ်စုံများဖြင့် ယှဥ်ပြိုင်သရုပ်ပြသခဲ့ကြပြီး တက်ရောက်ကြည့်ရှုသူများက မဲပေးစနစ်ဖြင့် မိမိတို့စိတ်ကြိုက်ရာ ရွေးချယ်ခဲ့ကြသည်။
ဆက်လက်ပြီး အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ သင်္ချာစွမ်းရည် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ သည့်အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ်၏ အလှဘုရင်နှင့် အလှဘုရင်မတို့ကို ရွေးချယ်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနေသွယ်ကြည် ၊ ဒုတိယပါမောက္ခချုပ် ၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ အင်အား(၇၀၀)ကျော် တက်ရောက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဇော်လတ်နှင့်အဖွဲ့က စျေးရောင်း ပွဲတော်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ ပြိုင်ပွဲအတွက် ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)