ရန်ကုန် ဖေဖော်ဝါရီ ၁၀
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ၏ (စတုတ္ထ)နေ့ကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဆက်လက်ပြုလုပ်သည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးဦးမြင့်သောင်းမှ မြို့တော်ဂေါက်ကွင်းသို့အမှတ်တရဂုဏ်ပြုလက်ဆောင်အားပေးအပ်ရာ အထွေထွေမန်နေဂျာ ဦးမင်းညွန့်မှ လက်ခံရယူပြီး Burmese Golf Myanmar မှမန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကိုကိုချစ်က စုစုပေါင်းရိုက်ချက် ၂၉၅ ချက်ဖြင့် Best Amateur Player ဆုရရှိသူ မင်းစစ်သွေးအား ပေးအပ်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက Senior Pro အဆင့်ပြိုင်ပွဲတွင်စုစုပေါင်းရိုက်ချက် ၂၂၁ ချက်ဖြင့် တတိယဆုရရှိသောစိုးကျော်နိုင်(Taylormade)အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၂၂၀ ချက်ဖြင့် ဒုတိယဆုရရှိသောကျော်မိုး(Green Joy Pro Shop)တို့အားလည်ကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးလှမြင့်ရွှေမှ စုစုပေါင်းရိုက်ချက် ၂၁၄ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၂ ချက်လျော့ရိုက်ကာ ပထမဆုရရှိသောဦးမင်းနိုင်အား ပထမဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး Professional အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများကို ပေးအပ်ချီးမြှင့်ရာ Junior Golf Myanmar ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးက စုစုပေါင်းရိုက်ချက် ၂၈၁ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၇ ချက်လျော့ရိုက်ကာ တတိယဆုရရှိသည့် သိန်းနိုင်စိုး (HAN Golf Academy)အားလည်းကောင်း၊ Tournament Director ဦးဌေးအောင်မှ စုစုပေါင်းရိုက်ချက် ၂၇၈ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၁၀ ချက်လျော့ရိုက်ကာ ဒုတိယရရှိသည့် ရာဇာ(MGG)အားလည်ကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးသန့်ဇင်မှ စုစုပေါင်းရိုက်ချက် ၂၆၅ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၂၃ ချက်လျော့ကာ ပထမဆုရရှိသောကျော်သက်ဦး(Okkala Golf Academy & Tee off Apparel) အားလည်းကောင်းဆုများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်၀န်ဦးညီညီက Senior Professional အဆင့်တွင် ပထမဆုရှိသည့်မင်းနိုင်အား ဆုကြေးငွေချက်လက်မှတ်ကို ပေးအပ်ချီမြှင့်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက Professional အဆင့်တွင် ပထမဆုရရှိသော ကျော်သက်ဦး (Okkala Golf Academy & Tee off Apparel) အား အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားနှင့် ဆုကြေးငွေချက်လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်ဆုရရှိသူများမှ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် စုစုပေါင်းပြိုင်ပွဲအားကစားသမား(၇၅)ဦး ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အောင်မြင့်(ပြန်/ဆက်)