အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၏ နှစ် (၂၀) ပြည့် ကြွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ခြောက်ထပ်ပင်မဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဗိုလ်တထောင် ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၏ နှစ် (၂၀) ပြည့် ကြွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ခြောက်ထပ်ပင်မဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉း၃၀) နာရီ အချိန်တွင် ကုန်သည်လမ်းရှိ အဆိုပါခြောက်ထပ်ပင်မဆောင်သစ်ရှေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးစိုးသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၏ ပထမဆုံးကျောင်းအုပ်ကြီး ဒေါက်တာမြင့်ဆွေ၊ စတုတ္ထမြောက် ကျောင်းအုပ်ကြီး ဒေါက်တာတင်တင်ထွေး (ယခုရန်ကုန်စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ်)နှင့် လက်ရှိကျောင်းအုပ်ကြီး ဒေါက်တာနီလာမြင့်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ခဲ့ပါသည်။

ထို့နောက် အခမ်းအနားကို ခြောက်ထပ်ပင်မဆောင် ဘက်စုံခန်းမတွင် ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကျောင်းအုပ်ကြီး ဒေါက်တာနီလာမြင့်ထူးတို့က အမှာစကားများ ပြောကြားကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ပါမောက္ခချုပ်များ၊ ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်မှ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးထံသို့ ကျောင်းအတွက် သိန်း (၅၀) လှူဒါန်းခဲ့ပြီး နံနက်ပိုင်းအခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်၏ နှစ် (၂၀) ပြည့် ကြွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကိုကျင်းပရာ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တို့မှ စာတမ်းရှင် ဆရာ/ဆရာမများက ဘာသာရပ်ဆိုင်ရာ စာတမ်းအသီးသီးကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထိုစာတမ်းဖတ်ပွဲတွင် ဘောဂဗေဒ၊ စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာ၊ ခရီးသွားလုပ်ငန်းပညာ၊ သတင်းအတတ်ပညာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ အစရှိသည့်ဘာသာရပ်များကို နယ်ပယ်အသီးသီးမှ စာတမ်း (၁၅) စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း