ပေါင် ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန်ခွဲဝေချထားသည့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုအပ်ပါကြောင်း၊ မြို့နယ်အဆင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် လုပ်ငန်းတာဝန်အလိုက်ခွဲဝေချထားသည့် ဌာနဆိုင်ရာများက မိမိတို့တာဝန်အရ လိုက်နာဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်တို့က လိုအပ်သည်များ ပြန်လည်ဖြေကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)