ပေါင် ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ နေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ ဈေးများ၊ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြတ်ကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်း များအား အဆင်သင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ထားခြင်းမပြုရန်၊ တပ်ဆင်ထား သည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ကြရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ပြည်သူများ ကိုယ်တိုင် မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိ ခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်စသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရ သည်။
ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေး ဟောပြောခြင်းနှိုးဆော်ခြင်းလုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)