ကျောက်တလုံးကြီးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲများကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ပြည်ထောင်စုနေ့အကြောင်းအရာများကို သိရှိနိုင်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.လ.က၊ ကနိုင်တော့၊ အ.မ.က၊ ထီပြွန်နှင့် အ.မ.က၊ နောင်ယာဆိုင်းကျောင်းများသို့ နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြည်ထောင်စုစိတ်ဓာတ်ထားရှိရန် အရေးကြီးပုံ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောပြီး ကျောင်းသားလူငယ်များအား (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးသည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲသို့ အ.လ.က၊ ကနိုင်တော့မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၇၀ ဦး၊ အ.မ.က၊ ထီပြွန်မှကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၆၅ ဦး၊ အ.မ.က၊ နောင်ယာဆိုင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၆၀ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့်  အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း