မိုင်းခတ် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ပြီး အသက်(၆၀)နှစ်နှင့် အထက် ရှိသူများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများသည် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။
ကြိုတင်ဆန္ဒမဲပေးသူများကို မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်သူများက ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးခြင်း၊ မဲရုံမှူးများက မဲစာရင်း စစ်ဆေးခြင်း၊ လက်မှတ်ထုတ်ပေးခြင်း၊ ဆန္ဒမဲပေးပြီးကြောင်း လက်မှတ်ထိုး ခြင်းဖြင့် မဲပေးခြင်းလုပ်ငန်းစဉ် အချိန်ကြန့်ကြာမှုမရှိစေရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသည့် အသက်(၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များကို နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)