လင်းခေးတွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဆိုပူဇော်

လင်းခေး နိုဝင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့တွင် (၇၂)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့၌ အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက်များ ရွတ်ဆိုပူဇော်ခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီက လင်းခေးမြို့၊ မဟာမြတ်မုနိဘုရားကျောင်းတော်ရှိ သိမ်တော်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှ ပေးပို့လာသော အဆိုပါကျမ်းအား လင်းခေးမြို့နယ်သံဃာ့ နာယကအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အတွင်းရှိ ဆရာသံဃာတော် (၄၈)ပါးတို့က သိမ်တော်အတွင်း အတူတကွရွတ်ဆို ပူဇော်ပေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်အတွင်းမှ စေတနာအလှူရှင်များ၊ နမ့်ခုံးရှမ်းများပရဟိတ (လူမှုကူညီရေး အသင်းခွဲ အသင်းသူ အသင်းသားတို့က သိမ်ထွက်ဆရာတော်သံဃာတော်များတစ်ပါးချင်းစီထံသို့လှူဘွယ်ဝတ္ထုအစုစုတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ လှူဒါန်းဆက်ကပ်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းဇော်လတ်(လင်းခေး)