ရပ်စောက်မြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များကို ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချ

ရပ်စောက် ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်နှင့်အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရပ်စောက်မြို့ ရဿဝတီခန်းမ၌ ဈေးပြိုင်လေလံစနစ်ဖြင့် ပထမအကြိမ် လေလံတင်ရောင်းချခဲ့ကြောင်းသိရသည်။

လေလံတင်ရောင်းချခြင်းအခမ်းအနားတွင် ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စိစစ်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပထမအကြိမ် လေလံတင်ရောင်းချရာတွင် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်(၂၉)ခု၏ ကြမ်းခင်းဈေး(၁၃၇၇.၅၀)သိန်းအပေါ် လေလံကြေးကျပ်(၁၆၄၄.၃၀)သိန်းဖြင့်လည်းကောင်း၊ သားသတ်လိုင်စင်(၂၂)ခု၏ ကြမ်းခင်းဈေးကျပ်(၂၆၂၅.၂၀)သိန်းအပေါ် လေလံကျပ်(၂၆၁၈)သိန်းဖြင့် ရောင်းချရရှိခဲ့ကြောင်းနှင့် ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်(၂)ခုနှင့် သားသတ်လိုင်စင်(၂)ခုတို့အား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံလေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဆုမွန်(ပြန်/ဆက်)