မိုင်းတုံမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းတုံ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းက ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်နှင့် အညီကျင်းပနိုင်ရေးအတွက် မဲရုံးမှူး၊ ဒုတိယမဲရုံမှူးများက မိမိတာဝန်ကျသည့် မဲရုံများသို့ တစ်ရက်စော၍သွားရောက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ‌နိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဝေးလံသည့်ကျေးရွာများသို့ သွားရောက် တာဝန် ထမ်းဆောင်ရမည့် မဲရုံမှူးနှင့်အဖွဲ့ဝင်များအား ပို့ဆောင်ရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းများ အချိန်မီထုတ်ပေးနိုင်ရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)