ရန်ကုန် ဖေဖော်ဝါရီ ၉
(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို၍ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသွားသော ကရင်ဆိပ်ကျေးရွာ ပညာမိခင် စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။
အစီအစဥ်အရ ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်အား သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်၊ ဆက်လက်၍ စာကြည့်တိုက်ခန်းမအတွင်း အစီအစဥ်ကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်ကအမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်က စီမံကိန်းနှင့်ပက်သက်၍လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးလုပ်ဆောင်ရမည့် လုပ်ငန်းစဥ်များအားလည်းကောင်း ရှင်းလင်းပြောကြားပြီး ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်လှူဒါန်းသည်၊ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ဖွင့်လှစ်သော သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာပညာမိခင်စာကြည့်တိုက်မှာ အလျား ပေ (၅၀) အနံပေ (၂၀) အမြင့် (၁၀) ပေရှိပြီး သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူများပူးပေါင်းဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)