ဗန်းမော်မြို့တွင် နိုင်ငံခြားမှ ပေးပို့ရောက်ရှိလာသော ကြိုတင်မဲဆန္ဒရှင်(၆၇)ဦး၏ ကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များ မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ထည့်သွင်းခြင်း ဆောင်ရွက်

ဗန်းမော် နိုဝင်ဘာ ၁

ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် နိုင်ငံခြားမှပေးပို့ရောက်ရှိလာသော ကြိုတင်မဲဆန္ဒရှင်(၆၇)ဦး၏  ကြိုတင်ဆန္ဒမဲ လက်မှတ် စာအိတ်များမှတ်ပုံတင်ခြင်း၊  ကြိုတင်မဲပုံးထဲသို့ထည့်သွင်းခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၉ နာရီ ခွဲခန့်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ်များ ကြိုတင်မဲပုံးထဲသို့ထည့်သွင်းရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသာဗျောက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုင်းညီညီက နိုင်ငံခြားမှရောက်ရှိလာသော ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ဗန်းမော်မြို့နယ်အတွင်း အသက် ၆၀နှစ်နှင့် အထက်များ ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍ ပါတီအဖွဲ့အစည်းအသီးသီးမှ ပါတီအဖွဲ့ဝင်များက ကြိုတင် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မဲဆန္ဒနယ်ပြင်ပရောက်   အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့် ထိုင်း၊ အမေရိကန်၊ ရှရှား၊ အင်္ဂလန် ၊ အစ္စရေး၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ စသည့် နိုင်ငံများသို့ ရောက်ရှိနေသည့်  ကြိုတင်ဆန္ဒမဲပေးသူ(၆၇) ဦး တို့မှ ပေးပို့လာသည့် ဆန္ဒပြုပြီး မဲလက်မှတ်စာအိတ်များကို မှတ်ပုံတင်ခြင်းဆောင်ရွက်ပြီး သက်ဆိုင်ရာကြိုတင်မဲပုံးများထဲသို့ ထည့်သွင်းခြင်း ဆောင်ရွက်သည်။

အဆိုပါ ကြိုတင်မဲဆန္ဒရှင် ဆန္ဒမဲလက်မှတ်စာအိတ်များမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲ လက်မှတ်စာအိတ် (၆၇)အိတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်စာအိတ် (၆၇)အိတ်၊ အမှတ်(၁)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ် စာအိတ် (၄၉) အိတ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်စာအိတ် (၁၈) အိတ်၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်စာအိတ်များမှာ ဗမာ (၂၆) အိတ် ၊ ရှမ်း (၁၀)အိတ် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)