(၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာသင်ခုံများ ပေးအပ်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ပင်းတယ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာသင်ခုံ (Single Desk & Chair) အမြင့်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)၊ ပညာ့ရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အခြေခံပညာကျောင်းများတွင် သင်ကြားမှု/သင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါအောင်ကုမ္ပဏီများမှ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများသို့ ပေးပို့လာသော (Single Desk & Chair) အနိမ့်/အမြင့်များကို အခြေခံပညာဦးစီးဌာနမှ ခွဲဝေချထားပေးခဲ့ရာ ပင်းတယမြို့နယ်အတွင်း ကျောင်းဆောင်သစ်ဆောက်လုပ် ခွင့်ရရှိခဲ့သည့် အခြေခံပညာကျောင်း စုစုပေါင်း (၆) ကျောင်းအတွက် ( Single Desk & Chair)  (၂၅၂၀) စုံကိုရရှိခဲ့ပါကြောင်း၊ စာသင်ခုံများကို ခွဲဝေရရှိခဲ့သည့် ကျောင်းများအနေဖြင့် စည်းကမ်းရှိရှိ၊ စနစ်တကျနှင့် ရိုရိုသေသေသုံးစွဲကြစေလိုကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသအတွင်းမှရှိသည့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခုံပရိဘောဂများပြည့်စုံရေးနှင့် ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် ပညာရေးဌာနအနေဖြင့် အခြေားဆက်စပ်ဌာနများ၊ အုပ်ချုပ်သူများနှင့်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တင်ဒါအောင်ကုမ္ပဏီ Shan Home Land မှ တာဝန်ခံက စာသင်ခုံများအား သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများ ထံသို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပင်းတယ)