မှော်ဘီ ဖေဖော်ဝါရီ ၉
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာတွင်း လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မှော်ဘီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးမှ ကွန်ကရစ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာရပ်မိရပ်ဖဦးထွန်းကြည်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးဝင်းစိုး၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေး၊ ရပ်မိရပ်ဖ ဦးဝင်းမောင်တို့မှ ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းသည် လမ်းအရှည် (၈၀၀) ပေ၊ အကျယ် (၁၀) ပေနှင့် (၆) လက်မထုရှိကာ (၂၀၂၃-၂၀၂၄) ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေကျပ် (၁၅၀) သိန်းနှင့် ပြည်သူထည့်ဝင်ငွေ (၅၅.၂) သိန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျေးရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲသို့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင် (၂) ဦးဝင်းစိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများစုစုပေါင်း (၃၃၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)