နေပြည်တော် ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲတွင် ရိုးရာ အစားအသောက်များ ရောင်းချရာတွင် အစားအသောက်များ လုံခြုံစိတ်ချမှုရှိစေရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း ကွပ်ကဲရေးရုံး၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး/ပြည်နယ်ရိုးရာ အစားအသောက်အရောင်းဆိုင်များမှ တာဝန်ခံများ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဥတ္တရခရိုင် အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေက အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် အစားအသောက်များ သန့်ရှင်းရေး၊ မချက်ရသေးသည့် အသားစိမ်း၊ ငါးစိမ်းများနှင့် ချက်ပြုတ်ပြီးဟင်းများကို အတူရောမထားရေး၊ အစားအသောက်များကို ကျက်အောင်ချက်ပြုတ်ရန်၊ အစားအစာများကို လုံလောက်သော အပူချိန်အောက်တွင်ထားရှိရန်၊ သန့်ရှင်းသောရေနှင့် လတ်ဆတ်သော အစားအစာများကိုသာ သုံးစွဲရန် စသည့်ဆောင်ရွက်ရမည့်အချက် (၅) ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး/ပြည်နယ်ရိုးရာ အစားအသောက်ရောင်းချသည့် တာ၀န်ခံများက အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ ဒေါက်တာနှင်းနှင်းဝေက ရှင်လင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)