ပုဇွန်တောင်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပုဇွန်တောင် ဖေဖော်ဝါရီ ၉

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦး နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် အမှတ်(၁၀) ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်ကာ ပွင့်လင်း ရာသီချိန်ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက် ကြရန်၊ လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျ ကိုင်တွယ်သုံးစွဲ ကြရန်၊ ထင်း/မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းများချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ထားရှိရန် စသည့်မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ပြည်သူ များအား အသိပညာပေး ဆွေးနွေးပြောကြားပြီး လူနေအိမ်များတွင် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စနစ်တကျ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်၌ ပွင့်လင်းရာသီကာလတွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှု/မီးလန့်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဥပဒေပုဒ်မ ၁၆ (က)အရ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး ကြပ်မတ်စစ်ဆေးခြင်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦးထံမှ သိရသည်။

ဟန်စုယဉ်