မြစ်ကြီးနား ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်လူငယ်ရေးရာအဖွဲ့ဖြင့် ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ မြက်ခင်းပြင်၌ ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူက အဖွင့်အမှာစကားပြောကြားသည်။
ထိုနောက် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်က လူငယ်ရေးရာအသိပညာများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အိအိအေးက "တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်သူ က "လူသားဂုဏ်သိက္ခာနှင့် အားကစားကဏ္ဍ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို(ကသာ) က ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် စိတ်ဓာတ်ခွန်အားရရှိစေမည့် အကြောင်းအရာများဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်လူငယ်ရေးရာအဖွဲ့မှ တာဝန်ရှိသူများက "စဉ်ဆက်မပြတ် လေ့လာသင်ယူဖို့ လူငယ်ရေးရာနှင့်စာပေဟောပြောပွဲဆင်နွှဲစို့" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယော်ဆောင် (ပြန်/ဆက်)