ဒေါပုံ ဖေဖော်ဝါရီ ၉
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာအုပ်ပြပွဲနှင့် မြန်မာစကားပုံဆက်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေဖတ်ရှုမှု တိုးတက်များပြားစေရန်၊ ဖြတ်ထိုးဉာဏ်တိုးတက်ကောင်းမွန်စေရန်နှင့် မြန်မာစကားပုံဝေါဟာရများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတတ်စေရန် ရည်ရွယ်၍ စာအုပ်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စာအုပ်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုများဆိုင်ရာ စာအုပ်များ၊ လူငယ်ရေးရာ အသိပညာပေးစာအုပ်များ စသည်တို့ကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားလေ့လာခဲ့ကြပါသည်။ ထို့နောက် မြန်မာစကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား စာရေးကိရိယာများကို လက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)