မြစ်သား ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ရွှေပေါ်ကျွန်းကျေးရွာရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ကစတင်၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ဘုရားမီးပူဇော်ပါက စနစ်တကျပူဇော်ကြရန်၊ လူနေအိမ်များအတွင်း လောင်စာဆီများ သိုလှောင်ခြင်းမပြုကြရန်၊ မီးကြွင်းမီးကျန်များငြှိမ်းသတ်ရန်၊ ဟောင်းနွမ်းပျက်စီးနေသော လျှပ်စစ်မီးကြိုးနှင့် ပစ္စည်းများအသုံးမပြုကြရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်၊ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကျေးရွာအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ လိုက်နာရမည့်အချက်များကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူအကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါဝါမြင့်(ပြန်/ဆက်)