တနိုင်း ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း တစ်ရပ်ဖြစ်သော အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်၍ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်စာရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က မုန်ဒိန်ကောင်းရပ်ကွက်၊ ဟူးကောင်းရပ်ကွက်၊ ကင်ဆားရာကောင်း ရပ်ကွက် နှင့် ပုန်ခုန်းရပ်ကွက်များသို့ သွားရောက်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းအဖြစ် GIS နည်းပညာဖြင့် Mobile Tablet ကို အသုံးပြုကာ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
တနိုင်းမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်ရှိပြီး ကွင်းဆင်းဆောင်ရွက်နေမှုအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်သန်းနှင့် မြို့နယ်ဦးစီးမှူး ဦးဘောက်နော်တို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)