လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ သက်ကြီးဘိုးဘွားများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေး

ဟိုမိန်း နိုဝင်ဘာ ၁

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအနက် လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ အသက်(၆၀)နှစ် အထက် သက်ကြီး ဘိုးဘွားများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဟိုမိန်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကျေးရွာများမှ အသက် (၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်မှ စတင်၍ နိုဝင်ဘာ ၇ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်   ရပ်ကွက်/ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက စီစဉ်ဆောင်ရွက်ထားသည့် နေအိမ်များနှင့် မဲရုံများတွင် နေ့စဉ်ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဟိုမိန်းမြို့တွင် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုတွင် မဲရုံပေါင်း(၉)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၅၆၃)ဦးခန့်ရှိကြောင်းနှင့် ကြိုတင်ဆန္ဒမဲ လာရောက်ပေးနိုင်သူ(၄၈၇)ဦး ရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။

 ရဲနောင်(ဟိုမိန်း)