မိုင်းဆတ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၁) နာရီခွဲက အ.ထ.ကခွဲ(လ-၁)ရှိ ပညာအားမာန်ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လူငယ်ဆိုသည်မှာ အလားအလာကောင်းများကို ပိုင်ဆိုင်ထားကြသူများဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် အကောင်းအဆိုးသည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်ပေါ်တွင်တည်မှီနေပါကြောင်း၊ လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အဖိုးတန်သော အရင်းအမြစ်များဖြစ်သည့်အားလျော်စွာ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလတွင် ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ရန်အခြေခံလည်းကြပါကြောင်း၊ ဒါကြောင့် လူငယ်များ၏ ဘဝကို ပြုပြင်ပေးခြင်း၊ တိုးတက်အောင် လုပ်ဆောင်ပေးခြင်းသည် ယခုကဲ့သို့ လူငယ်နှင့်ပတ်သက်သော လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် အသိပညာ ဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခြင်းများသည် လူငယ်များအတွက်များစွာ တန်ဖိုးရှိပြီး အကျိုးကျေးဇူးရရှိစေနိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အ.ထ.က ခွဲ(လ-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးရီက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထက(မိုင်းဆတ်) Grade-11မှ ကျောင်းသူ မမိုးမမထွန်းက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ ကျောင်းသူ မမန်းကေသီဝင်းက လူငယ်နှင့်သင်ယူခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8မှ ကျောင်းသူ မယုသဇင်အောင်က လူငယ်နှင့်စိတ်ဓာတ်ရေးရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7မှ ကျောင်းသူ မနှင်းအိမွန်က လူငယ်နှင့်သတိပြုစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)